Showing posts with label ကဗျာ။. Show all posts
Showing posts with label ကဗျာ။. Show all posts

January 8, 2013

အိမ်....................



အဝေးကို ကြည့်တယ် 
ခပ်လှမ်းလှမ်းကို ကြည့်တယ်
မျက်စိ တစ်ဆုံးပါပဲ
အသိုက်ဝန်းလေးတွေ
မိသားစုလေးတွေ
သာယာတဲ့ အိုးအိမ်လေးတွေ ။           ။


အိပ်ကပ်ကို ငုံ့ကြည့်မိတယ်
ရင်ဘတ်ထဲမှာ စူးနစ်နေတယ်
နှလုံးသားက မေးတယ်
သူ့ အိမ် ဘယ်မှာလဲတဲ့  ။             ။



 ဦးနှောက်တွေ ခြောက်ခြားနေတယ်
ရှက်စိတ်တွေ ဖုံးလွှမ်းနေတယ်
ဒေါသတွေ မြိုသိပ်ထားရတယ်
ထိန်းချုပ်နေရတယ် 
ဖျက်ဆီးနေရတယ် ။           ။


 အဝေးကို  ပြန်ကြည့်မိတယ်
နှုတ်ခပ်ကို ပြုံးမိတယ် 
မျက်ဝန်းက မျက်ရည် တစ်စ ငါ ရခဲ့တယ် ။                 ။



မွန်းကြပ်တဲ့ စိတ်တွေ
လေလွင့်တဲ့ ခြေရာတွေနဲ့
မြို့ပြရဲ့ အသက်ရှုသံတွေ ကြားမှာ
အိမ် ဆိုတဲ့ အရာကို ဖမ်းဆုပ်နိုင်ဖို့ ကြိုးစားရင်း
 ကြိုးစားရင်းနဲ့ ........... ငါ ............... ငါ ..............။              ။



ခပ်ဝေးဝေးကို ငါ လှမ်းကြည့်နေမိတယ်။             ။



Rocker77
( 8.1.2013 )
01:02 ( PM )





October 14, 2011

လက်ဝါးစောင်း


လောက .........
သင်သည် မည်ကဲ့သို့ နည်း
ငါသည် အဘယ်သို့ နည်း
သင် နှင့် ငါ
ငါ နှင့် သင်
မည်သူက မည်ကဲ့သို့ အဘယ်သို့နည်း ။ 

ရှေးခေတ်က ပြောကြတယ်
ဆီသည် က ဆီသည်
ဆင်ထိန်း က ဆင်ထိန်း တဲ့
အခုကော ဘယ်လို ပြောကြမလဲ
ဘာကို ပြောကြမလဲ ။

လက်ဖမိုးပေါ်က အရာတစ်ခု
လက်ဖ၀ါး ဘက် အကြောင်းတရားတစ်ခု
သေချာစွာ ဆန်းစစ်ကြည့်မိတော့
လက်ဝါးတစ်ခုကို တွေ့ရတယ်
လက်ဝါးစောင်းတစ်ခုကို မြင်ရတယ် ။

ဒီတော့ ........
အသင်လောက
သင် ပဲ မှားလား
ငါ ပဲ မမှန်တာလား
ငါသည်လည်း မတွေးချင်တော့ ။

လက်ဝါးစောင်းအတိုင်းပဲ
ခရီးဆက်ကြရုံပဲပေါ့ ။

13 . 10 . 2011
23း0 AM
Rocker77




September 19, 2011

ရန်ကုန်ည။


** ပူပြင်းအိုက်လှေင် တိုက်ခန်းထဲက
ငါ့ရဲ့ကိုယ်က ချွေးစို့စို့နဲ့
တွန့်ခေါက်ကြေမွ အိပ်ရာထက်က
လူးလိမ့်ကာထ ငါ ကြည့်လိုက်တော့
လေပြေတွေက လှောင်ပြုံး ပြုံးပြီး
နှုတ်ဆက်ဖို့တောင် ဝေးလေစွ။ ။

** မျက်စိရှိတိုင်း ၀ဲလှဲ့ငါကြည့်
ကောင်းကင်ယံက ကြယ်စင်တွေက
မီးပွိုင့်မိသလို ငြိမ်သက်နေကြ။ ။

** မီးကုန်အောင်ဖွင့် အသံကုန်ဟစ်တဲ့
စက်တပ်ယာဉ်က ငါ့ ရဲ့ နားကို
ဒဏ်ရာရအောင် ပြေးကာဆော့ကစား
နေကြကုန်သည်။ ။

** သုံးယောက်ဝန်အား ငွေနည်းရဖို့
မနိုင်တနိုင် နင်းတဲ့ ဆိုက်ကား
အိပဲ့ပဲ့နှင့် ရွေ့ရွေ့စီးတော့
ငါ့မျက်လုံးတွေ ရူးသွပ်ခဲ့ပြီ။ ။

** လင်းရောင်ဖျော့ဖျော့ ထွန်းညှိထားတဲ့
လင်းဆိုင်ဆီက ကျိုးတို့ကျဲတဲ့
လူခြောက်ယောက်က အာဗြဲသံနဲ့
ရယ်မောခြင်းက တိတ်ဆိတ်ခြင်းည
ပိုမှောင်စေခဲ့။ ။

** ပျင်းပျင်းရှိတော့ ငါ့ အနားရှိတဲ့
ပိုးစိမ်းကောင်က ဆွဲဆွဲအူတဲ့
ခွေးလေလွင့်ကြောင့် လန့်ကာထပြေး
ငါ့ ကျော ဆီသို့။ ။

** ရုတ်တရက်မို့ ငါ့ အတွေးထဲကို
နွေးထွေးစွာနဲ့ ရင်ထဲထိအောင်
မှီခိုထားမယ့် မင်းချစ်ခြင်းလည်း
ဝေကွာတာမို့ လစ်ဟာနေတဲ့
ငါ့ ရဲ့ ရင်ကို အထီးကျန်ခြင်းတွေ
ခိုင်မြဲစေခဲ့။ ။

** သြော် - ဒါဟာ
ရန်ကုန်ညရဲ့ ပူပြင်းခြင်းအလား
နောက်ဆုံးမှာတော့ ငါဟာ မှေးစက်
အိပ်စက်နေတက်ခဲ့ပြီလေ။ ။

 

ဒီည.................


*** ဒီည
      ငါ ပြန်စဉ်းစားကြည့်တယ်
      ငါ လျှောက်ခဲ့တဲ့ လမ်းတွေကို
      ငါ ကမ်းခဲ့တဲ့လက်တွေကို
       ငါ ပေးခဲ့တဲ့ နှလုံးသားကို

*** ဒီည
      ငါ ပြန်စဉ်းစားကြည့်တယ်
      ငါ ရောက်နေတဲ့ ဒေသကို
      ငါ လုပ်နေတဲ့ အလုပ်ကို
      ငါ ပြောနေတဲ့ စကားကို

*** ဒီည
      ငါ ပြန်စဉ်းစားကြည့်တယ်
      ငါ ပေးခဲ့တဲ့ အဖြူရောင်တွေကို
      ငါ တွေးခဲ့တဲ့ သာယာခြင်းတွေကို
      ငါ ပေးခဲ့တဲ့ နွေးထွေးမှုတွေကို

*** ဒီည
     ငါ ပြန်စဉ်းစားကြည့်တယ်
     ငါ သွားရမယ့် လမ်းကို
      ငါ နင်း ရမယ့်မြေကို
     ငါ ခိုလှုံရမယ့် ရင်ခွင်ကို

*** ဒီည
      ငါ ပြန်စဉ်းစားကြည့်တယ်
      ငါ ချစ်ခဲ့တဲ့ ငါ့ အချစ်တွေကို
      ငါ လွမ်းနေတဲ့ ငါ့ အလွမ်းတွေကို
      ငါ လိုက်ဖမ်းနေတဲ့ မင်း ပုံရိပ်တွေကို

*** ဒီည
     ကောင်းကင်မှာ တိမ်မည်းတွေနဲ့
     လျှပ်ပန်းတွေ လင်းလက်နေတယ်
     ကြယ်တွေက ပုန်းခိုနေတယ်
     အိမ် အပြင်မှာ မိုးတွေ ရွာနေတယ်
     ရင်ထဲမှာ ငါ ငိုနေတယ်။          ။


Rocker77
18.5.2011

ကဗျာကို ဘောင်ခတ်ခြင်း။


အို - လူသားတို့
ကျောက်ကြမ်း ခေတ်မှာ မွေးဖွား
ကျောက်လည် ခေတ်ကို ဖြတ်သန်း
ကျောက်ချော ခေတ်ကို ရောက်ရှိ
လူမျိုးစုတွေ ပေါင်းစည်း
မြို့ပြတွေကို တည်ဆောက်
စာပေကတော့ မရောက် ။           ။


အို - လူသားတို့
ယဉ်ကျေးမှုကို နယ်ချဲ့
ထုံးတမ်းတွေကို တီထွင်
ဓလေ့ဟောင်းကို ပြုပြင်
နည်းပညာကို မွေးဖွား
လုပ်အားတွေကို ကျွန်ထား
စာပေတွေကို မွေးဖွား ။             ။


အို - လူသားတို့
ဝါဒများကို ပေါင်းစည်း
ပြည်ထောင်တွေကို ချဲ့ထွင်
ဒင်္ဂါတွေကို သွန်းကျို
ပညာရှင်တွေ တွေးခေါ်
သားရေပေါ်မှာကို သမိုင်းတင်
အလင်္ကာကို စတင် ။              ။


အို - လူသားတို့
တွေးခေါ်မှုကို မြှင့်တင်
စာပေတွေကို ပြုပြင်
ကဗျာဆရာ တိုးပွား
သူရဲကောင်းတွေ အလား
စည်းကမ်းချက်တွေ များပြား
ရတု တွေကို ရေးသား ။            ။


အို - လူသားတို့
သမိုင်းတွေက ဟောင်းနွမ်း
ခေတ်သစ်တွေဆီ လှမ်းသွား
ကျန်နေခဲ့တော့ အတိတ်
ရောက်နေခဲ့တော့ လက်တွေ့
လှမ်းမျှော်ကြည့်တော့ အိုင်တီခေတ်
စာပေတွေက တစ်အိတ် ။            ။


အို - လူသားတို့
လေးချိုးကိုပဲ စပ်မလား
ရတု လို့ပဲ ပြောမလား
နဘေကာရံ သုံးမလား
ပို့စ် မော်ဒန်ကို သွားမလား
ဆိုက်ကိုတွေကို ရေးမလား
အားလုံးစုံတဲ့ ခေတ် ။             ။


အို - လူသားတို့
ကဗျာတွေက များပြား
ဘာတွေကို ရွယ်ရည်ထား
လမ်းဟောင်းကိုပဲ လိုက်မှာလား
ပညက်ချက်တွေ ထားမှာလား
ပခုံးပေါ်ကို တင်မှာလား
သူများ ပြောတိုင်း လုပ်မှာလား။             ။


Rocker77
24.5.11
2း40 AM


September 18, 2011

မာလိန်မှူး ။


ပင်လယ်ပြင်ည
ရွှက်လွှင့်တဲ့ သင်္ဘော
ရိက္ခာနဲ့ လူနည်း
ဒါ ငါ့ သင်္ဘော ။     ။

ပိန်းပိတ်တဲ့အမှောင်
စုံလင်တဲ့ နက္ခတ်
လင်းနေတဲ့ မှန်အိမ်
စီးမျောတဲ့ သင်္ဘော
ဒါ ငါ့ သင်္ဘော ။     ။

ဓါးကောက်ကို ခါးချိတ်
ရွက်တိုင်ကိုလှမ်းကြည့်
ပဲ့ထိန်းကို လှမ်းအော်
အိမ်မြှောင်ကို လှမ်းခေါ်
သွားနေတဲ့ သင်္ဘော
ဒါ ငါ့ သင်္ဘော ။     ။

မြေပုံကို ဖြန့်ခင်း
ကျွန်းတွေက အလှမ်းဝေး
တွဲလက်ကို လှမ်းဆွေး
ရဲတိုက် ကို မရောက်သေး
ရေစီးကြောင်းက ကယ်ပေး
မျော်နေတဲ့ သင်္ဘော
ဒါ ငါ့ သင်္ဘော ။     ။

ရောက်နေတာ ရေအရပ်
တွေးနေတာ ကုန်း အရပ်
ကြယ်ကြွေတာရင်ထဲ
ဆုတောင်းတာ အခါခါမနည်း
အာရုဏ်ကို မြင်ချင်လို့
လေနတ်သားကို လှမ်းအော်
လွမ်းနေတဲ့ သင်္ဘော
ဒါ ငါ့ သင်္ဘော ။      ။


Rocker77
( 2 . 6. 2011 ) 
4း00 AM