October 8, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 18 )


အခန်း ( 18 )


                               မယ်ခ တစ်ယောက် သတိလစ် မေ့မျော နေသည်မှာ နှစ်ရက်ခန့် ရှိရ်ျ နေလေ သည်။ တောင်ပေါ် ဆေးဆရာကြီးသည်လည်း  မယ်ခ ကို ကြိုးစားကုသလျှက်ရှိရာ မယ်ခ သတိပြန် လည်လာစေရန်နှင့် ကိုယ်တွင်းမှ အဆိပ် များ ပြယ် လွင့်သွားစေရန်အတွက် လိုအပ်သော ကုထုံး အစုံ ဖြင့် အစွမ်းကုန် နေ့ကောညပါ ကြိုးကြိုးစားစား ကုသလျှက် ရှိနေပေ သည်။ လိုအပ်သော တခြား အကူညီများနှင့် ဧည့်သည်တွေရဲ့ နေထိုင်စားသောက်ရေးကိုတော့ ဒီမိုရာက တာဝန် ယူကာ ဖြည့် ဆည်းပေးလျှက် ရှိနေလေသည်။ ဘိုးခေါင်းဖြူ နှင့် မယ်မြ တို့ကတို့ စိတ်ပူရုံမှ တပါး အခြားဘာမှ မတက်နိုင် ကြချေ။

                              အချိန်အားဖြင့် နောက်တစ်နေ့ နံနက် သို့ တိုင်ခဲ့လေသည်။ မယ်မြ သည် နံနက် စာကို စားသုံးပြီး သည့်နောက် ခြံထဲသို့ လမ်းဆင်းလျှောက်လာလေသည်။ ခြံထဲတွင် ဟိုဟိုဒီဒီ လျှောက် လှမ်းနေရင်း တောင်ပေါ်ဒေသ၏ လတ်ဆတ်တဲ့ လေနုလေးများကို ရှု ရှိုက်ရင်း ခြံဝင်း၏ တောင်ဘက် ဆင်ခြေလျော လေးသို့ ဆက်လျှောက်လာခဲ့လေသည်။ မယ်မြ သည် ဆင်ခြေလျော အဆုံးနားသို့ ရောက်လျှင် တစ်ဦးတည်း သိုင်းလေ့ကျင့်နေသော ဒီမိုရာကို တွေ့ရလေသည်။ မယ်မြသည် ဒီမိုရာ သိုင်းလေ့ကျင့်နေသည်ကို ဆင်ခြေလျော လေး၌ ထိုင်ကြည့် နေမိလေသည်။ မယ်မြ သည် ထိုသို့ ထိုင် ကြည့်နေရင်း ဒီမိုရာ ၏ သိုင်းပညာအဆင့်မြင့်မားပုံကိုလည်း သတိပြုမိ လေသည်။ ထို့နောက် ခေါင်းထဲတွင် အကြံတစ်ခု လင်းလက်သွားကာ ဒီမိုရာ နှင့် သိုင်းပညာချင်း ဖလှယ်ရန်အတွက် အနီးရှိ ကျောက်တုံးငယ် တစ်ခုကို ယူလိုက်ပြီး ဒီမိုရာ ဆီသို့ လက်နက်ပုန်း တစ်ခု သဖွယ် ပစ်လွှတ်လိုက်လေသည်။

ဝှစ် ..................

                           ဒီမိုရာ သည် သိုင်းလေ့ကျင့်နေရင်းမှ အသံလာရာဆီကို အာရုံပြုမိလိုက်ပြီး အလျင် အမြန် ရှောင် တိမ်းလိုက်လေသည်။ ထို့နောက် ကျောက်တုံးခဲငယ် လာရာဆီသို့ လှမ်းကြည့် လိုက် လေ သော် မယ်မြ ကိုတွေ့ရလေသည်။ ထို့ကြောင့် ဒီမိုရာသည် လေ့ကျင့်ခြင်းကို ရပ်ကာ မယ်မြ ဆီသို့ သွားလိုက်လေသည်။ မယ်မြ နှင့် မလှမ်းမကမ်း နေရာသို့ အရောက်တွင် မယ်မြ က အပြုံးလှလှ လေး တစ်ခု ကို ဖန်ဆင်းလိုက်ပြီး ကြိုဆိုလိုက်သည်ကို တွေ့ရလေသည်။ ထို့ကြောင့် ဒီမိုရာ သည် ပြန်လည် ပြုံးပြလိုက်ပြီး သူမ ၏ အနီးသို့ရောက်လေသော် မယ်မြ က ရုတ်တရက် တိုက်ခိုက်တော့လေသည်။ ထို့ကြောင့် ဒီမိုရာ သည် ဆင်ခြေလျော အတိုင်း နောက်ကျွမ်းပစ်ကာ ရှောင်းတိမ်းလိုက်သောလည်း မယ်မြက ဆက်လက် ဖိတိုက်သဖြင့် နောက်ဆုံးတွင် ရှောင်တိမ်းရင်းဖြင့် နှစ်ဦးစလုံးသည် ဆင်ခြေ လျော အောက်ပိုင်းရှိ မြေပြန့်နေရာလေးသို့ ရောက်ရှိ သွားကြလေသည်။ ထိုနေရာလေးမှာ အစော ပိုင်း က ဒီမိုရာ သိုင်းလေ့ကျင့်နေသော နေရာလည်း ဖြစ်လေသည်။

                           မယ်မြ သည် ဆက်လက်တိုက်ခိုက်နေသဖြင့် ဒီမိုရာ သည် ပြန်လည် ခုခံကာ ခြောက် လှန့်ရုံမျှ ပြန် လည် တိုက်ခိုက်လေသည်။ မယ်မြ သည် ဒီမိုရာအား ဖိရ်ျ တိုက်ခိုက်နေသော်လည်း သိုင်းကွက်များအသုံးပြုမှု တွင် အားသိပ် မပါလှချေ။ ထို့ကြောင့် ဒီမိုရာ သည်လည်း ထိုနည်းအတိုင်း ပင် ပြန်လည် တုံ့ပြန်တိုက်ခိုက်နေခြင်း ဖြစ်လေသည်။ ထို့သို့ နှစ်ယောက်သား ပညာဖလှယ်ကာ စမ်း သပ် နေကြရင်း မြေပြန့်နေရာလေး၏ အစွန်းရှိ ခြောက်ကမ်းပါးနားသို့ မသိမသာဖြင့် တဖြည်းဖြည်း နီးကပ်လာကြလေသည်။ သို့သော် နှစ်ယောက်သားသည် တိုက်ခိုက်ခြင်းကို မရပ်သေးပဲ ဆက်လက် ယှဉ်ပြိုင် နေကြရာ ဒီမိုရာ ၏ တန်ပြန်တိုက်ကွက်တစ်ခုကို မယ်မြ က ရှောင်တိမ်းလိုက်လေရာ အနီးရှိ ကျောက်ခဲတုံးငယ်ပေါ်သို့ ခြေ တစ်ဖက် ထောက်မိပြီး ဟန်ချက်ပျက်သွားလေသည်။ ထိုသို့ ဟန်ချက် ပျက်သွားပြီး မယ်မြသည် ခြောက်ကမ်းပါးဆီသို့ ပက်လက်လှန် ယိုင်လဲကျသွားလေရာ ဒီမိုရာက သူမ ရဲ့ လက်ကို ပြုတ်မကျစေရန် လှမ်းဆွဲလိုက်လေရာ ဟန်ချက်ပျက်နေ သော မယ်မြ သည်  အရှိန် မထိန်း နိုင်ပဲ ဒီမိုရာ၏ ရင်ခွင်ထဲသို့ တိုးဝင်မိသွားပြီး နှစ်ဦးစလုံး လဲကျသွားလေသည်။ လဲကျပုံ မှာ အရှိန်ကြောင့် ဒီမိုရာ သည် ပက်လက်လှန် ကျပြီး မယ်မြက ဒီမိုရာ ၏ ကိုယ်ပေါ်သို့ မှောက်လျှက် ကျ ခြင်းဖြစ်လေသည်။

                         ထိုသို့ လဲကျစဉ် ဒီမိုရာ နှင့် မယ်မြ တို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ကပ် လျက် မျက်လုံး ခြင်းဆုံမိ ကြလေသည်။ နှစ်ဦးစလုံးသည် တစ်ခဏတာမျှ ကြက်သေ သေနေကြပြီး နောက်မှ သတိဝင်လာကြကာ မယ်မြ သည် ဒီမိုရာ၏ ကိုယ်ပေါ်မှ ဖယ်ကာ မြေပြင်ပေါ်၌ ထိုင်လိုက် လေသည်။ မယ်မြသည် ရှက်သွေးဖြာကာ ထူပူသွားပြီး နီရဲသော သူမ ရဲ့ မျက်နှာကို တဖက်သို့ လွှဲ ထားလိုက်လေသည်။ ထို့နောက် ဒီမိုရာသည် ပက်လက်လှန်နေရာမှ ထ ထိုင်လိုက် ကာ မယ်မြကို တစ်ချက် ကြည့်ပြီး ..............

ညီမ ............
ဘာဖြစ်သွားသေးလဲဟင်။
လန့်သွားတယ်ထင်တယ်။

                         ဒီမိုရာ ၏ ရုတ်တရက် အမေးကြောင့် မယ်မြသည် ဘာဖြေရမှန်း မသိပဲ ခေါင်းညိတ် ပြ လိုက်မိပြီး ...

ညီမ သွားနှင့်တော့မယ် ..........

                         ဟု ဆိုကာ ရှက်ကိုးရှက်ကန်းဖြင့် အိမ်ဘက်ဆီသို့ ပြေးထွက်သွားလေသည်။

**********************************


                          ည ရဲ့ လ သည် ကောင်းကင်ယံ၌ သာယာစွာ ထွန်းလင်းတောက်ပ လျှက်ရှိ နေလေ သည်။ ထို လမင်း ၏ ဘေးနားပတ်လည် ၌ ကြယ်လေးတွေ၏ ၀န်းရံခစားမှုသည် ညကို လှပစွာ ကဗျာ ဆန်ရ်ျ နေလေသည်။ ဒီမိုရာ သည် ဆေးမြစ်များထားရာ အိမ်ဆောင်ကလေး၏ ခေါင်းမိုးပေါ်သို့ တက် ကာ ညရဲ့ အလှတရားကို တစ်ကိုယ်တည်း မျှော်ကြည့်နေ ရင်း မနက်က ဖြစ်ပျက်ခဲ့သော အဖြစ် များကို ပြန်လည် တွေးတော နေမိလေသည်။

                         မနက်က သူ ပထမ ဦးဆုံးတွေ့မြင်ခဲ့ရသော မယ်မြ ၏ အပြုံးတို့သည် သူ့ ရဲ့ အာရုံတို့ကို ဖမ်းစားထား ကာ ထို အပြုံး၏ အလှတရား၌ ရုန်းထွက်မရ ဖြစ်နေလေသည်။ ထို့နောက် သူတို့ နှစ် ယောက် တိုက်ခိုက် ကြသည်များကို မျက်ဝန်းထဲ၌ ပြန်မြင်နေမိရင်း နောက်ဆုံး သူမ အား ပြုတ်ကျ မသွား စေရန် လှမ်းဆွဲလိုက်ခြင်းကြောင့် အရှိန်လွန်ကာ သူ့ ကိုယ်ပေါ်သို့ သူမ ပြုတ်ကျခိုက် တွေ့မြင် ခဲ့ရသော မျက်ဝန်းတစ်စုံကိုလည်း ဖယ်ခွာမရ ဖြစ်ရ်ျ နေလေသည်။ ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့် ပြေးထွက်သွားသော သူမ၏ ပုံရိပ်တွေမှာလည်း လွန်စွာမှ လှပလျှက်  ညရဲ့ ကဗျာဆန်မှုကို ပိုမို အ သက် ၀င်စေသလို ရှိနေလေသည်။ မနက်က သူသည် မယ်မြအား ပြုတ်မကျစေရန် ရိုးသားစွာ လက် လှမ်းဆွဲ လိုက်မိ သော် လည်း မယ်မြက သူ့ကို ဘယ်လို ထင်မြင်မည်ကိုလည်း သိချင်နေမိသည်။

                         မယ်မြ တစ်ယောက် မိမိကို စီစဉ်ပေးထားသော အိပ်ခန်းတွင်း၌ မှေးစက် နေသော် လည်း အိပ်ရ်ျ မပျော်နိုင်ပဲ ရှိနေလေသည်။ မနက်က ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်များကြောင့် ဒီမိုရာ ကို သူမ လွန်စွာမှ အားနာမိသွား လေသည်။ အမှန်ဆိုလျှင် ဒီမိုရာသည် သူမ၏ သိုင်းပညာ အဆင့် ထက် အနည်းငယ်ပိုရ်ျ မြင့်မားကြောင်းကို သူမ အစောပိုင်း တည်းက သိနေပါလျှက် အကဲ စမ်းလို သော သဘောဖြင့် တိုက်ခိုက်ခဲ့ခြင်းက မလုပ်သင့်သော လုပ်ရပ်တစ်ခုဟု ထင်မိလာ လေသည်။ ထို့ပြင် ဒီမိုရာက သူမအား ခြောက်ကမ်းပါးမှ ပြုတ်မကျစေရန်လည်း ကာကွယ်ပေးခဲ့လေသည်။ မယ်မြ သည် မနက်က အဖြစ်ပျက်များကို တစ်ခုခြင်းစီ ပြန်လည် စဉ်းစားကြည့်မိပြီး ဒီမိုရာကို အား နာ မိသလို ရင်လည်းဖိုမိ လေသည်။ နှစ်ယောက်သားလဲကျတဲ့အခိုက် တွေ့မြင်လိုက်ရသော မျက်ဝန်း များသည် အလွန်စိုးရိမ်နေသည်ကိုလည်း သူမ သိခဲ့ရလေ သည်။ မည်သို့ပင်ဖြစ်စေ နောက် တစ်နေ့ တွင်တော့ သူမ သည် ဒီမိုရာကို တောင်းပန်လိုက်မည်ဟု ဆုံးဖြတ်မိလိုက်လေသည်။

**************************************

                       
လူလေး ..........
ဟေ့ - လူလေး ...............
အာ ... ဘယ်သွားနေတာလဲကွာ။
အခန်းထဲလည်း ရှိမနေပြန်ဘူး။

                          ဆေးဆရာကြီး၏ ခေါ်သံကြောင့် ဒီမိုရာသည် အိပ်နေရာမှ လန့်နိုးသွားလေသည်။ မျက်လုံးကို ဖွင့် လျှင် ဖွင့်ခြင်းပဲ စူးရှသော နေရောင်တို့က မျက်လုံးဆီသို့ တန်းဝင်လာလေသည်။ ထို့ကြောင့် သူရောက်နေသော နေရာကို ပြန်ကြည့်လိုက်မိသော် ဆေးမြစ်များထားသော အိမ် ဆောင် လေးရဲ့ အပေါ် ခေါင်းမိုးတွင် ဖြစ်ရ်ျ နေလေသည်။ နောက်မှ ညက မယ်မြ အကြောင်းတွေး ရင်း ခေါင်းမိုးပေါ်၌ အိပ်ပျော်သွားဟန်တူသည်ကို သတိပြုမိကာ တစ်ချက်ပြုံးမိ လိုက်လေ သည်။ ဒီမိုရာသည် ခေါင်းမိုးပေါ်မှ မြေပြင်ပေါ်သို့ ခုန် ဆင်းလိုက်ပြီး ဆေးဆရာ အဘိုးအို ဆီသို့ သွားလိုက် လေသည်။

အဘ ..............
ကျုပ် ကို ခေါ်လိုက်သလားဗျို့။

                        ဆေးဆရာ အဘိုးအိုသည် အသံလာရာဆီကို ကြည့်လိုက်လေရာ ဒီမိုရာကို တွေ့ရပြီး .........

အေး ..........
ဟုတ်တယ်။
ဒါနဲ့ ..........
မင်း ကြည့်ရတာ
ခုမှ နိုးလာတဲ့ပုံပဲကွ။

ဟုတ်ပါတယ် ၊ အဘ ။

ကဲ - ကဲ ..........
ဒါဆိုလည်း သွား
မျက်နှာ သွားသစ်ချေအုံး
ပြီးရင် မင်း လုပ်ရမယ့်
အလုပ်ရှိတယ်။

ဟုတ်ကဲ့ပါ အဘ ။

                             ဒီမိုရာသည် ဆေးဆရာ အဘိုးအိုအား ပြောဆိုပြီးနောက် ကိုယ်လက်သန့်စင် ရန် ထွက်ခွာ သွားလေသည်။

                             ဒီမိုရာ တစ်ယောက် ကိုယ်လက်သန့်စင်ပြီးနောက် ဆေးဆရာ အဘိုးအို ဆီသို့ သွားလိုက်လေ သည်။ ဆေးဆရာ အဘိုးအို ဆီသို့ ရောက်လေသော် မယ်မြ နှင့် ဘိုးခေါင်းဖြူပါ ရှိနေသည်ကို တွေ့ရလေသည်။ ထို့နောက် ဒီမိုရာက ဆေးဆရာကြီးအား ............

အဘ ............
ကျုပ်ကို ဘာခိုင်းမလို့လဲဗျ။

အေး .........
ဒီလိုကွ။
အခု အဆိပ်မိထားတဲ့ ကလေးမက
အတွင်းဒဏ်တော့ သက်သာနေပြီကွ။
သွေးခုန်နှုန်းလည်း ပုံမှန်အတိုင်းပြန် ဖြစ်နေပြီ။
ဒါပေမယ့် သတိမလည်လာသေးတော့
စိတ်မချရသေးဘူးကွ။
နောက်ပိုင်း ကုထုံးက သတိလည်မှ
ဆက်ကုပေးလို့ ရမှာကွ။

ဒါဆို သူ့ကို သတိလည်အောင်
လုပ်ပေးဖို့ အရေးကြီးနေတာပေါ့။

ဒါပေါ့ကွ။
ဒီလိုသာ ဆက်ပြီး
နောက်ထပ် ဆယ်ရက်လောက်
သတိမေ့နေမယ်ဆိုရင်
တစ်သက်လုံး ဒီအတိုင်း
ဖြစ်သွားလိမ့်မယ်ကွ။

သဘောပေါက်ပြီ အဘ ........
သူ့ကို နှိုးတဲ့ ကုထုံးကို
သုံးရတော့ မယ်ပေါ့။
ဒါပေမယ့် အဘ။
ကျုပ် တို့ဆီမှာ ဆေးပင် တစ်မျိုးမှ
မရှိနေတာ။ ဘယ်လို လုပ်မှာတုန်းဗျ

အင်း ..... ဟုတ်တယ်။
အဲ့ဒါ မင်း ကို ခိုင်းမလို့ပဲ။
ရှိတဲ့ နေရာကို မင်းကို ပြောပြမယ်။
မင်း သွားယူချေ။
အချိန်တော့ မကြာစေနဲ့။

ဟုတ်ကဲ့ပါ အဘ .........
ဘယ်မှာ သွားယူရမှာလဲဗျ

ဟန်သော်ဝေ နန်းတွင်းက
ဆေးတိုက်မှာ။

ဗျာ ....................

သူတို့က ကျုပ်တို့ကို
ဘယ်လိုလုပ် ပေးမှာတုန်းဗျ။

အဘ သိပါတယ်ကွ။
ဒါပေမယ့် ဆေးလုပ်ဖို့ကလည်း
လိုနေတယ် မဟုတ်လား
ဒီတော့ သွားယူရမှာပဲလေ။
အဘ မင်းကို ပစ္စည်းတစ်ခုပေးလိုက်မယ်။
အဲ့ဒါကို အရေးကြုံမှ ထုတ်သုံး။
ကျန်တာ မင်း နည်း မင်းဟန် နဲ့
ကြည့်သာလုပ်ခဲ့ပေတော့။
ဟုတ်ပြီလား။
ဆေးပင် ပါလာရင် ပြီးတာပဲကွာ။

                             ဆေးဆရာ အဘိုးအို ရဲ့ စကားအဆုံးမှာတော့ ဒီမိုရာသည် စိတ်ပျက်စွာ သက်ပြင်း ရှည်ကြီး တစ်ချက် ချလိုက်မိလေသည်။ ထို့နောက် ဆေးဆရာ ကြီးက ............

လူလေး .............
မင်း အဖော်ရအောင်
မယ်မြ ကို မင်းနဲ့ အတူထည့်ပေးလိုက်မယ်။
လမ်းမှာ တိုင်တိုင်ပင်ပင် နဲ့ လုပ်ကြပေါ့ကွာ။

                            ဒီမိုရာသည် ဆေးဆရာကြီးရဲ့ ထို စကားကို ကြားလေသော် စောစောက စိတ်ပျက် ခြင်း များ ဝေး လွင့်သွားကာ မျက်လုံးများ အရောင်တောက်ပ ခဲ့လေသည်။

ဟုတ်ကဲ့ပါ အဘ .........
ကျုပ်လည်း အပြင်ကို မလည်ရတာ
ကြာနေပြီပဲ။ အပြင်ထွက်ချင်နေတာနဲ့
အတော်ပဲဗျာ။ ကျုပ် ရအောင်
ယူလာခဲ့ပေးမယ်ဗျာ။

                          ဒီမိုရာသည် စကားဆုံးလေတော့ မယ်မြ အား တစ်ချက် အကဲခတ်ကြည့်လိုက်လေ သည်။ မယ်မြ က တော့ သူ့ကို ရှိလေတယ်ဟုပင် သဘောမထားပဲ အရေးစိုက်ဟန် အပြချေ။

ကဲ ...... လူလေး။
အချိန်သိပ်မရှိဘူး။
ပြင်ဆင်စရာတွေကို
ပြင်ဆင်ပြီး ဒီနေ့ပဲ
ခရီးစတော့ ........

ဟုတ်ကဲ့ပါ ။ အဘ ........


( ဆက်လက်ဖော်ပြပါမည်။ )

Rocker77




No comments:

Post a Comment