October 4, 2011
စားဝတ်နေရေးလား ၊ နေရေးစားရေးလား............။
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ။
ဒီတစ်ခါ ပြောချင်တဲ့ အကြောင်းလေးကတော့ လူမှုဒုက္ခတွေထဲက အကြောင်းရာ တစ်ခုပါဗျာ။
ကဲ စလိုက်ကြစို့ဗျာ။
        မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်တာနဲ့ အညီ စီးပွားရေးအရ အချက်အချာ နေရာတစ်ခု လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် လူဦးရေ ထူထပ်များပြားပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ ၊ ဘာသာတရား ပေါင်းစုံ တည်ရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။
       အလုပ်အကိုင်အခွင့်အလမ်း နဲ့ ပါတ်သက်ပြီးတော့လည်း တခြားမြို့တွေထက်စာရင် အခွင့်ရေး ပိုရတဲ့ မြို့လည်း ဖြစ်ပါတယ်။ ပညာရေးနယ်ပယ်မှာလည်း တခြားမြို့များတက်ကို အခွင့်ရေး ကောင်း တွေ ရှိနေပြန် ပါတယ်။ ဒါကြောင့်ပင် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ရန်ကုန်မှာအကြောင်း အမျိုးမျိုးနဲ့ ကိုယ့်ရဲ့ ၀မ်းစာရေး ၊ ပညာရေး နဲ့ လူမှုဘ၀ ဖွံဖြိုးတိုးတက်စေဖို့ လာရောက်အခြေချ နေထိုင်မှု တွေ များပြားလာတာကို တွေ့ရပါတယ်။
        ဒီလိုနဲ့ အခြေချနေထိုင်မှုတွေ များလာခြင်း၊ စီးပွားရေး မြှုပ်နှံမှုတွေ ပြုလုပ်လာခြင်းတွေကြောင့်
ရန်ကုန်မြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း 20 - 30 ကထက်စာရင် အဘက်ဘက်ကနေ ပြောင်းလဲလို့
လာခဲ့ ပါတယ်။ ထိုကဲ့သို့ ပြောင်းလဲမှုများထဲကမှ သိသာထင်ရှားတဲ့ အကြောင်းရာတစ်ခုကတော့ နေထိုင်မှု စရိတ်မြင့်တက်လာခြင်း ပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာ လူဦးရေ တစတစ ထူထပ်လာတာနဲ့ အမျှ နေထိုင်မှု စရိတ်လည်း တိုးမြင့်လို့ လာခဲ့ပါတယ်။
        တဖက်မှာ လုပ်ခ ၊ လစာတွေ တိုးမြင့်လာခဲ့ပေမယ့် နေထိုင်မှုစရိတ်မြင့်တက်မှု နှုံန်းကို လိုက်မမှီ
သေးပါဘူး။ ဥပမာ-ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးဒေသ မှာ အိမ်ငှားရမ်းနေထိုင်သူ တစ်ဦးသည် အိမ်ငှားခ
တစ်လကို သုံးသောင်းဝန်းကျင်ခန့် ကုန်ကျနိုင်ပါတယ်။ တစ်ရက်ကို တစ်ထောင်ကျပ်နှုံန်းလောက်
ကျပါတယ်။ ရန်ကုန်မြို့ရဲ့ အခြေခံဝန်ထမ်းတစ်ယောက်ရဲ့ တစ်နေ့တာ ၀င်ငွေကတော့ ( 2500-3000)
ကြားမှာ ရှိနေတက်ပါတယ်။ ဒါက ယေဘုယျပါ။ နည်းတဲ့ သူတွေရှိသလို များတဲ့ သူတွေလည်း ရှိမှာပါ။
         ဒီတော့ ကျွန်တော်တို့ အနေနဲ့ ချိန်ထိုးကြည့်ရင် အိမ်ငှားခ မှာတင် သူ့ရဲ့ တစ်နေ့တာဝင်ငွေ
သုံးချိုးတစ်ချိုး ကုန်နေပါပြီ။ ကျန်တဲ့ နှစ်ပုံထဲကမှ တစ်နေ့တာ အလုပ်သွား အလုပ်ပြန်ဖို့ အတွက် အသုံး စရိတ်တွေကို ပြန်ဖယ်ရအုံးမှာ။ အဲ့နောက်မှ ပိုတဲ့ ငွေကို နေ့စဉ် စားသောက်ဖို့ နဲ့ ကျန်းမာရေး စရိတ်တွေထဲ ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ တခြား ဘာသာရေးကဏ္ဍ နဲ့ လူမှုရေးကဏ္ဍ အတွက် အသုံးပြုမှုတွေ မပါသေးပါဘူး။ 
         ဒီ တွက်ချက်မှုက လူတစ်ဦး တစ်ယောက်အတွက်ပဲ ဖြစ်ပါသေးတယ်။ မိသားစု ထဲမှာ မှီခို နေတဲ့သူတွေ ၊ ကျောင်းတက်နေတဲ့ သူတွေ၊ ကျန်းမာရေး ကုသမှု ခံနေရသူတွေ ပါနေခဲ့မယ် ဆိုတော့ ဒီဝင်ငွေဟာ အသုံးမကျတဲ့ ၀င်ငွေ တစ်ခု ဖြစ်သွားမှာပါ။ ဒီတော့ သေချာ ပြန်စဉ်းစား ကြည့်ရင် လူတစ်ယောက်ရဲ့ တစ်နေ့တာ ၀င်ငွေနဲ့ ထွက်ငွေတွေက သိပ်ပြီး မျှတမှု ရှိမနေဘူး ဆိုတာကို တွေ့ရပါတယ်။
          ဒီထက် ပိုဆိုးတာတွေက အိမ်ငှားတွေကို အိမ်ရှင်တွေက ခြောက်လ တစ်ခါလောက် အိမ်ငှားခကို တိုးတောင်းချင်ပါတယ်။ တချို့ ဆိုရင် ပွဲစား နဲ့ အိမ်ရှင် တွေရဲ့ လုပ်စားတဲ့ လုပ်ကွက်ထဲကို ရောက်ရှိ နေတက် ကြပါသေးတယ်။ ဥပမာ - သုံးလ လောက်နဲ့ အိမ်ခန်း ရောင်းလိုက်လို့ အိမ်ငှားက နေရာ ရွေ့ပေးရတာတို့ ၊ အမှုဖြစ်နေတဲ့ အခန်းကို ပွဲစားက ငှားရမ်း စေတာတွေ မျိုးပေါ့။ ဒါတွေကတော့ ဆင်ခြေဖုံးတွေမှာ သိပ်မတွေ့ရသေးပေမယ့်  Down Town တွေမှာတော့ တတော်လေးတွေ့မြင် နေရပါတယ်။
နေစရာ အိမ်ခန်းတွေကိုလည်း အကြွေးစနစ်နဲ့ အရစ်ကျ ရောင်းချပေးတာမျိုးလည်း မရှိသေးပါဘူး။
(ကြိုပွိုင့်စနစ် အခန်း ရောင်းချခြင်းနဲ့ မသက်ဆိုင်ပါ။ နှစ်ရှည် အရစ်ကျကိုသာ ဆိုလိုပါသည်။) အဲ့ဒီလို
ဝန်ဆောင်မှုပေးမယ့် လုပ်ငန်းတွေလည်း မရှိသေးပါဘူး။ ဒီတော့ နေစရာ အိမ်တစ်ခုကို ပိုင်ဆိုင် နိုင်ဖို့ဆိုတာ သာမန်လူတန်းစားတွေတော့ အခွင့်ရေးတွေ မှုန်ဝါးဝါးပါပဲ။
            အထူးသဖြင့် အနယ်နယ် အရပ်ရပ်ကနေ အကြောင်းအမျိုးမျိုးနဲ့ အပြောင်းရွှေ့  အခြေချ
နေထိုင်သူတွေနဲ့ကော အရင်ကတည်းက ရန်ကုန်မှာ အိမ် ငှားရမ်းနေထိုင်သူတွေဟာ မိမိတို့ရဲ့ တစ်နေတာ ရလာတဲ့ ၀င်ငွေကို နေထိုင်မှုစရိတ်အတွက် အကုန်နီးပါး ပြန်လည် သုံးစွဲနေရသဖြင့် ငွေပို ငွေလျံ ဆိုတာ ရှိမနေတော့ ပါဘူး။ ငွေ ပို မရှိတော့တဲ့ အတွက် ငွေ စုစောင်းနိုင်ခြင်း အခွင့်ရေး ပျောက်ဆုံးသွားပါတယ်။ ဒီလို အခွင့်ရေး ပျောက်ဆုံးသွားတဲ့ အတွက် လူမှုဘ၀ တိုးတက်မှုနဲ့ ဆိုင်တဲ့ ကဏ္ဍတွေဟာ မှေးမှိန်လို့ လာခဲ့ပါတယ်။
           ထိုကဲ့သို့ မှေးမှိန်လာခြင်းတွေကို ဖောက်ထွက်ချင်တော့ ဖြတ်လမ်းနည်းတွေကို  အသုံးပြု လာကြ ပါတယ်။ တချို့လည်း အောင်မြင်ကြသလို တချို့ စာရိတ္တပိုင်းတွေမှာ ချို့ယွင်းလာပြီး နောက် ဆုံး ပျက်ဆီး ခြင်း ဆီသို့ ဦးတည်သွားပါတော့တယ်။ ဒါကြောင့် ကျွန်တော်တို့ တတွေရဲ့ အသက်ရှင် ရပ်တည်ရေးဟာ စားဝတ်နေရေးလား ၊ နေရေးစားရေးလား ဆိုတာတွေကို ပြန်လည် စဉ်းစားရမယ့် အချိန်ဖြစ်လာခဲ့ပါပြီ။
အားလုံးကို ကျေးဇူးတင်လျက်
No comments:
Post a Comment