October 18, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 20 )


အခန်း ( 20 )


                      ကောင်းကင်၌ တိမ်များကင်းစင်လျက် ပြာသောအရောင်များက အာကာပြင်ကို လွှမ်း ခြုံ ထား လေ သည်။   နေမင်းကြီး၏ သာယာငြိမ့်ညောင်းသော ရောင်ခြည်တို့ကလည်း လောက ကို အလှဆင်ထားလေရာ မြင်ရသူ လူသားတို့အဖို့  လောကသည် လှချင်တိုင်း လှနေပေသည်။ မြင့်မား သော တောင်ကုန်းတောင်တန်းများ နှင့် စိမ်းစိုသော မြက်ခင်း လွင်ပြင် တို့ကလည်း လောက အလှ တရားကို ပါဝင်ကူညီအားဖြည့်လျက် ရှိနေလေသည်။

                            ထိုသို့ လှချင်တိုင်းလှနေသော လောက ပန်းချီကားထဲ၌ အညိုရောင်အဆင်းရှိပြီး သန်းမာထွားကြိုင်း သည့်  မြင်းနှစ်ကောင်သည် ဒုန်းစိုင်းလျက် ရှိနေလေသည်။ ထို မြင်းများကို စီးနှင်းနေကြသူများအနက် တစ်ဦးမှာ အနက် ရောင်ဝတ် စုံကို ၀တ်ဆင်ထားပြီး ကျော၌ လှံတို နှစ်ချောင်းကို လွယ်သိုင်းထားလေသည်။ စီးတော် မြင်းရဲ့ ညာဘက်တွင် တော့ မြှားကျည် အိတ်ကို ချိတ်ဆွဲထားပြီး ဘယ်ဘက်တွင်တော့ လေးကို ထားရှိလေသည်။ နောက်တစ်ဦးက ကျောပေါ်တွင် လက်ရာအလွန်     ကောင်းမွန်သော ဓါးကောင်းတစ်လက်ကို ကျောပိုးလျက် အညိုရောင်ဝတ်စုံကို ကျနသပ်ရပ်စွာ ၀တ်စား ထား လေသည်။ ထိုသူ တို့သည် မိန်းခလေးတစ်ဦး နှင့် လူရွယ်တစ်ဦး ဖြစ် လေရာ ထို့ထက်ပိုရ်ျ အတိကျဆိုရလျှင် မယ်မြ နှင့် ဒီမိုရာ ပင်ဖြစ်ကြ လေသည်။

                         သူတို့နှစ်ဦးရဲ့ တာဝန်မှာ ဟန်သော်ဝေနိုင်ငံ နန်းတွင်းဆေးတိုက်မှ မယ်ခ အား ကုသရန်အတွက် ဆေးပင် တစ်မျိုးကို ယူဆောင်လာရန် ဖြစ်လေသည်။ အချိန်အားဖြင့် ဆယ် ရက်ခန့်သာ ရသဖြင့် ယခုကဲ့သို့ ခရီးအပြင်း နှင်နေကြ ခြင်း ဖြစ်လေသည်။ ထိုသို့ဖြင့် သူတို့ နှစ်ဦး သည် ခရီးနှင်လာကြလေရာ တဖြည်းဖြည်းနှင့် ညနေစောင်းအချိန်သို့ တိုင်ခဲ့ ကြလေသည်။ ဒီမိုရာ သည် မြင်းကို စီးနှင်းလာရင်း လမ်းကြောင်း အနည်းငယ်ပြောင်းကာ မလှမ်းမကမ်းရှိ တောင်ကုန်း လေးတစ်ခုပေါ်သို့ တက်ရောက်လိုက်လေသည်။ ထို့နောက် ထိုတောင်ကုန်းလေးရဲ့ အဆုံးနေရာ၌ မြင်းကို ရပ်တန့် လိုက်လေ သည်။ သူနှင့်အတူ မနီးမဝေးမှ လိုက်ပါလာသော မယ်မြ သည်လည်း ဒီမိုရာ၏ ဘေးသို့ ရောက်ရှိလာရာ သူတို့ နှစ်ဦးသည် ထိုတောင်ကုန်းလေးပေါ်မှ အောက်သို့ ငုံ့ ကြည့် ကြလေရာ တောင်းများပတ်လည်၏ အလယ်၌ တည်ဆောက်ထားသော မြို့ ငယ်လေး တစ်မြို့ ကို တွေ့မြင်ရလေသည်။ ထို့နောက် ဒီမိုရာက မယ်မြအား .........

ညီမ ..........
ဒီည ဒီမြို့လေးမှာပဲ
နားကြရင် ကောင်းမယ်။
အချိန်က လင့် နေပြီ။

ဟုတ်ကဲ့ပါ။

                     ဒီမိုရာသည် မယ်မြ ထံမှ ထိုစကားတစ်ခွန်းကို ကြားရပြီးနောက် မယ်မြကို တစ်ချက် ကြည့်ကာ ခေါင်း တစ်ချက်ငြိမ့်ပြလိုက်ပြီး မြင်းဇက်ကြိုးကို ဆွဲကာ မြင်းအား ထို မြို့ငယ်လေးဆီသို့ ဦးတည် လိုက်လေသည်။ မယ်မြ သည် လည်း မနီးမဝေးမှ လိုက်ပါသွားလေသည်။

                      ဒီမိုရာ နှင့် မယ်မြသည် ထိုမြို့ငယ်လေးသို့ ရောက်လေသော် ဟိုဟိုဒီဒီ အကဲခတ် နားစွင့် ကြည့် ကြလေ သည်။ ထို့နောက် တည်းခိုဆောင်တစ်ခု၏ အောက်ထပ်ရှိ အောက်ထပ်ရှိ စားသောက် ဆိုင် တွင်းသို့ ၀င်ရောက်လိုက်ကြလေ သည်။ ဒီမိုရာ နှင့် မယ်မြ တို့ စားသောက်ဆိုင် အ၀သို့ ရောက် လျှင် ဆိုင်အတွင်းမှ အသက် ( 40 ) ၀န်းကျင်ရှိ အမျိုးသမီး တစ်ဦး က .............

ကြွပါရှင် ...... ကြွပါ ......... ကြွပါ ..........
ဟေ့ ....ကောင်လေး ... ဒီကိုလာစမ်း....
ဧည့်သည်တွေကို နေရာချပေးပါအုံး ။

                       ထို အမျိုးသမီး၏ စကားသံအဆုံးနှင့်အတူ အသက် ( 15 ) နှစ် အရွယ် စားပွဲထိုးကောင်း လေး ရောက် ရှိလာပြီး ဒီမိုရာ နှင့် မယ်မြ တို့နှစ်ယောက်ကို စားပွဲလွတ်တစ်ခုတွင် နေရာ ချပေးလေ သည်။ ထို့နောက် စားပွဲထိုးလေးက ဒီမိုရာအား .............

အကိုတို့ ညအိပ်လား မသိဘူး။

အေး ... ဆိုပါတော့။
တစ်ယောက်ခန်း နှစ်ခန်း
စီစဉ်ပေးပါ။ ပြီးတော့
ညစာ ပြင်ပေးပါအုံး။
အပြင်မှာ မြင်းတွေ
ထားခဲ့တယ်။ အစာနဲ့ ရေ
ဝအောင် ကျွေးပေးထားပါအုံး။

                        ဒီမိုရာသည် စကားဆုံးသည်နှင့် အိတ်တွင်းမှ ငွေစ အနည်းငယ်ထုတ်ကာ စားပွဲထိုး လေးအား ပေး လိုက် လေသည်။ ထို့နောက် စားပွဲထိုးလေးသည် ပြန်လည် ထွက်ခွာသွားပြီး များ မကြာမီအချိန်တွင် စားစရာများ ယူဆောင် ကာ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ ဒီမိုရာ နှင့် မယ်မြ တို့သည် ညစာကို စားသုံးကြပြီးနောက် မိမိတို့ရဲ့ အခန်းများဆီ သို့ အသီးသီး ၀င်ရောက်ကာ မှေးစက် အနားယူ လိုက်ကြလေသည်။

************************************

                       အခန်းအနီးရှိ သစ်ပင်ပေါ်မှ ကျေးငှက်တို့၏ ဆူညံသံကြောင့် ဒီမိုရာ တစ်ယောက် အိပ်ရာမှ နိုးသွား လေသည်။ ဒီမိုရာ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ မိုးစင်စင် လင်းရ်ျ နေလေ သည်။ ထို့ကြောင့် ဒီမိုရာသည် အိပ်ရာမှ ထလိုက်ပြီး ကိုယ်လက်သန့်စင် ကာ တည်းခိုဆောင် အောက် သို့ ဆင်းလာခဲ့လေသည်။ ထို့နောက် စားပွဲလွတ် တစ်လုံးတွင် ထိုင်လိုက်လေရာ ဆိုင်မှ စားပွဲထိုး ကောင်လေး ရောက်လာပြီး ............

အကို .........
ဘာများသုံးဆောင်မလဲဗျ။

အေး ........
တစ်ခုခု ပြင်ပေးပါကွာ။

                        ဒီမိုရာ ရဲ့ စကားဆုံးတော့ စားပွဲထိုးလေးမှာ ပြန်လည် ထွက်ခွာသွားပြီး သိပ်မကြာမီ အချိန်တွင် ပြန် လည်ရောက်ရှိလာကာ ဒီမိုရာအတွက် မနက်စာကို ယူဆောင်လာလေသည်။ ဒီမိုရာသည် စားပွဲထိုးလေး လာချပေးသော မနက်စာကို တစ်ချက်ကြည့်လိုက်ပြီး ............

မြင်းတွေကို သေချာ
ဂရုစိုက်ထားရဲ့လားကွ။

ဟုတ်ကဲ့ ..........
အစာကော ရေကော
၀၀လင်လင် ကျွေးထားပါတယ်။
မနက်က ကျုပ် အစာကျွေးနေတုန်း
အမ လေးတောင် တွေ့ပါသေးတယ်ဗျ။

ဟုတ်လား ........
သူ ဘာပြောသွားသေးလဲ။

အကို နိုးလားရင်
ဒီကပဲ စောင့်နေပါလို့
မှာ သွားပါတယ်။

အော် ..... အေး ...အေး ....

ဒါနဲ့ ........
အမလေးက တတော်လှတယ်နော်။
သဘောလည်းကောင်းတယ်။
အကို နဲ့လည်း တကယ်လိုက်ဖက်တယ်။

                       ဘာရယ်မဟုတ်ပဲ ပြောလိုက်သော စားပွဲထိုးလေး စကားကြောင့် ဒီမိုရာ မျက်ခုံး နှစ် ဖက် ကို အပေါ်သို့ ပင့်လိုက်မိလေသည်။ ထို့နောက် စားပွဲထိုးလေးအား ပြုံးပြလိုက်ပြီး ခါးမှ ငွေ စ အနည်းငယ်ကို ထုတ်ကာ မနက်စာဖိုး ရှင်း ပေးလိုက်ပြီး ပိုသောငွေ အနည်းငယ်အား စားပွဲထိုးလေး အား ပေးခဲ့လေသည်။ ထို့နောက် ဒီမိုရာသည် မနက်စာကို စားသောက်ပြီးနောက် စားပွဲမှ ထကာ တည်းခိုဆောင်အ၀ သို့ ထွက်လာလိုက်လေသည်။ မြို့ရဲ့ အခြေနေကိုလည်း ဝှေ့ဝိုက် အကဲခတ် ကြည့် လိုက်လေသည်။ အားလုံးကတော့ ပုံမှန်အတိုင်း လိုလိုသာ ရှိနေလေသည်။ ထိုသို့ ဒီမိုရာ တစ် ယောက် တည်းခိုဆောင်ရှေ့၌ ရှိနေစဉ် မယ်မြ တစ်ယောက် မြင်းကိုစီးလျှက် ပြန်လည် ရောက်ရှိလာ လေသည်။ မယ်မြ သည် မြင်းပေါ် မှ ဆင်းကာ မြင်းအား ချည်တိုင်မှာ ချည်လိုက်ပြီးနောက် ဒီမိုရာ အား ............

အကို ..........
နိုးနေပြီကိုး ။

                     ဒီမိုရာက မယ်မြ၏ နှုတ်ဆက်စကားကို ပြုံးလျက် ခေါင်းငြိမ့်ပြကာ မသိမှတ်ပြု လိုက်လေ သည်။ ထို့နောက် မယ်မြ က ဒီမိုရာ အား ...............

အကို့ အတွက် ..........

                     မယ်မြ ပေးသော ပစ္စည်းလေးအား ဒီမိုရာ သေချာ ကြည့်လိုက်မိသည်။ ငွေစများ ထည့် သိမ်းသော ကတ္ကီဘာ ရှုံ့အိတ်လေး တစ်ခု ဖြစ်လေသည်။ ထို့နောက် မယ်မြ က ..............

အကို့ ကို တောင်းပန်တဲ့
အနေနဲ့ကော ၊ ကျေးဇူး
တင်တဲ့ အနေနဲ့ပါ
လက်ဆောင်ပေးတာပါ။

ဟင် .......ဘယ်လို ။

ဒီလိုလေ။
တောင်ပေါ်မှာတုန်းက
ညီမ လုပ်ခဲ့တာတွေနဲ့
နောက် အကိုက
ချောက်ထဲ ကျမသွားအောင်
ကူညီခဲ့တဲ့ အတွက်ကြောင့်ပါ။
တကယ်ဆို ........
ညီမ က လွန်နေခဲ့တာပါ။

                      မယ်မြ ရဲ့ စကားဆုံးတော့ ဒီမိုရာ တစ်ချက် ပြုံးလိုက်မိလေသည်။ ထို့နောက် ဒီမိုရာက ..........

အကို့ စိတ်ထဲမှာ
ဘာမှ မရှိပါဘူး။
စိတ်လည်းမဆိုးပါဘူး။
လက်ဆောင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။

                      ဒီမိုရာ ၏ စကားဆုံးလေသော် ဒီမိုရာ နှင့် မယ်မြ တို့သည် အပြုံးကိုယ်စီဖြင့် မျက်လုံး ချင်း ၊ အကြည့် ချင်း ဆုံမိကြလေသည်။ အတန်ငယ် မင်သက်မိနေကြပြီးနောက် မယ်မြ သည် မျက် လွှာ လေးကိုချကာ ..........

ညီမ ပြင်ဆင်လိုက်အုံးမယ်နော်။

                     ဟုဆိုကာ တည်းခိုဆောင် အပေါ်သို့ တက်သွားလေသည်။ ထို့နောက် ဒီမိုရာသည် မိမိလက်ထဲ၌ ရှိနေ သော ကတ္ကီဘာ ရှုံ့ အိတ်လေးကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်မိ လေသည်။

                      ထိုနေ့၌ ဒီမိုရာ နှင့် မယ်မြ တို့သည် သူတို့၏ ခရီးစဉ်ကို ဆက်လက်ထွက်ခွာ ခဲ့ကြလေ သည်။ သူတို့ နှစ်ဦး သည် ဟန်သော်ဝေ နန်းတော်သို့ ရောက်ရန် နှင့် ဆေးပင်ကို ရယူရန် အချိန်လေး ရက်သာ ကျန်ရှိလေတော့သည်။ အသွား အပြန် ဆယ်ရက်ခန့်သာရသော အချိန်အတွင်းမှ အသွား ငါးရက်ထဲမှ တစ်ရက် ကုန်ဆုံးသွားခြင်းလည်း ဖြစ်လေသည်။ ထို့ ကြောင့် ဒီမိုရာသည် ပုံမှန် လမ်း ကြောင်းမှ သွေဖယ်ကာ ဖြတ်လမ်းဖြစ်သော တောတွင်းလမ်းကို ရွေးချယ်ခဲ့လေသည်။ ခရီး အတွက် လိုအပ်သော ရိက္ခာများကအစ စီစဉ်စေခဲ့ပြီး ခရီးစဉ်ကို ဆက်ခဲ့ကြလေသည်။

ညီမ .............
ဒီနေ့ကစပြီး
တောလမ်းခရီးချည်းပဲနော်။
အစစ အရာရာ ဂရုစိုက်ပါနော်။
သတိမပြတ်စေပါနဲ့။

ဟုတ်ကဲ့ ၊ အကို။
အစ်ကိုလည်း ဂရုစိုက်ပါနော်။

                    ဒီမိုရာ နှင့် မယ်မြ တို့သည် တစ်ယောက်ကို တစ်ယောက် အပြုံးကိုယ်စီဖြင့် ပြိုင်တူ ကြည့်မိ ကြလေသည်။ ထို့နောက် ဒီမိုရာသည် မြင်းကိုညာသံပေးလျက် ဒုန်းစိုင်းကာ ခရီးစဉ်ကို စတင်လိုက်လေသည်။ မယ်မြ သည်လည်း မနီး မဝေးမှ လိုက်ပါသွားခဲ့လေသည်။


( ဆက်လက်ဖော်ပြပါမည်။ )

Rocker77



No comments:

Post a Comment