September 19, 2011
ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 1 )
နိဒါန်း
                     ကောင်းကင်ယံ ၌ ကြယ်နက္ခတ်တို့ သူ့ထက်ငါ အပြိုင်စုံလင်နေကြသည်။ ကျေးငှက်လူသူတို့ အိပ်မောကျ နေချိန်ဖြစ်သည့်အလျောက် ကောင်းကင်ယံ၌ ထိန်ထိန်ညီး ထွန်းလင်းတောက်ပနေတဲ့ လစန္ဒကို မည်သူတစ်ဦးယောက်မျှ ဂရုမမူ မိကြပေ။ လ ၏ ရောင်ခြည်တို့သည် မြစ်တစ်ခု၏ ရေပြင်ပေါ်သို့ ကျရောက်ခိုက် လှိုင်းကြပ်ခွပ် ကလေးများ၏ တလက်လက် လင်းလက်နေကြပုံမှာ သာယာလှပတဲ့ ညတစ်ညကို ပိုမို အသက်ဝင်စေ လှသည်။ ထို အခိုက်............
ခွပ်....ခွပ်......ခွပ်........ခွပ်.......ခွပ်........
                     ခပ်လှမ်းလှမ်း ဆီမှ မြင်းခွာသံများ ထွက်ပေါ်လာလေသည်။ ထို မြင်းခွာသံရဲ့ နောက်မှ နောက်ထပ် မြင်းခွာသံများ ထပ်ကြပ်လိုက်ပါသည်။ စုစုပေါင်း မြင်းသုံးကောင် အပြင်း ဒုန်းစိုင်းလာခြင်း ဖြစ်သည်။
                      အရှေ့မှ ဒုန်းစိုင်းလာသော မြင်းမှာ မန်းကျီးစေ့ရောင် အဆင်းရှိပြီး သန်မာတုန်ခိုင်သော ကိုယ်လုံးကိုယ် ထည်နှင့် ပြေးအားအလွန်ကောင်းမွန်သော စစ်မြင်းအမျိုးအစား မြင်း ဖြစ်လေသည်။ မဟူရာညရဲ့ ကောင်းကင်အောက်၌ ထို မန်းကျီးစေ့ရောင် မြင်းအား ကျွမ်းကျင်ပါးနပ်စွာ နှင်လာခဲ့သူမှာ မျက်နှာတစ်ခုလုံးကို အ၀တ်ဖြင့် ဖုံးအုပ်ထားပြီး သန်မာကြံ့ခိုင်သော ကိုယ်ဟန်အနေထားကို ပိုင်ဆိုင်ထားပြီး သူ၏ကျောပြင်၌ အလွန်အဖိုးထိုက်တန်သော ရတနာစီ ဓါးကောင်းတစ်လက်ကို လွယ်ပိုးထားလေသည်။
                       ထိုသူ၏နောက် မလှမ်းမကမ်းမှ လိုက်ပါလာသော အခြားမြင်းနှစ်ကောင်မှာ အုန်းခွံရောင် အဆင်းရှိပြီး ပြေးအားကောင်းမွန်ရ်ျ သန်မာသော မြင်းကောင်းအမျိုးစားများ ဖြစ်ကြပေသည်။ ထို မြင်းနှစ်ကောင် အနက် တစ်ကောင် ကို နှင်လာသောသူမှာ ကိုယ်ဟန်အနေအထား အတော်သင့် အနေအထားဖြစ်ပြီး သူ၏ကျော၌ မည်းရ်ျနက်မှောင်နေသော ဓါးအိမ် နှင့် လက်ကိုင်ရိုး တပ်ထားသော ဓါးရှည် နှစ်လက်ကို ကြက်ခြေခတ်ပုံစံ လွယ်သိုင်းထားလေသည်။ ထိုသူ၏ ဘေး၌ ယှဉ်လျက်လိုက်ပါလာသော အခြားမြင်းပေါ်မှ လူမှာလည်း ကျန်းမာသန်စွမ်းသော ကိုယ်ဟန်အနေထားကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ ကျောပြင်မှာတော့ အလွန်လက်ရာမြောက်လှတဲ့ လေးမြှား ကို လွယ်သိုင်းထားပြီး မြှားတံတွေကိုတော့ သူ့မြင်းရဲ့ ညာဘက်ခြမ်း၌ ကျည်နှင့်ချိတ်ဆွဲ ထားလေသည်။                  
                       သူတို့ နှစ်ဦးစလုံးသည်လည်း တပါးသူ မသိစေလိုသော သဘောဆောင်သည့် အနေထားဖြင့် ကိုယ်ကြပ်ထည် သဘောမျိုး ၀တ်စုံနက်များကို ၀တ်ဆင်ထားပြီး မျက်နှာများကိုလည်း ဖုံးအုပ်ထားကာ ရှေ့မှ ပြေးနေသော မန်ကျီးစေ့ရောင် မြင်းအား အမှီလိုက်နိုင်ရန် အားသွန်ခွန်စိုက် အပြင်းနှင်လျက်ရှိပေသည်။
                        ထို အချိန် အရှေ့မှ ပြေးနေသော မြင်းနက်ကြီးသည် ပြေးနေရင်းနှင့် လမ်း တနေရာ အရောက်တွင် ရုတ်တရက် လမ်းကြောင်းပြောင်းကာ မြစ်ကမ်းပါးဆီသို့ ဦးတည်လိုက်လေသည်။ ထို့ကြောင့် နောက်မှ လိုက်ပါလာသော အုန်းခွံရောင် မြင်းနှစ်ကောင်သည်လည်း လမ်းကြောင်းလိုက်ပြောင်းကာ မြင်းနက်ကြီး နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါ သွားကြပေသည်။
                         မြစ်ကမ်းခြေသို့ ရောက်ခါနီးတွင် ရှေ့မှ ပြေးနေသော မြင်းနက်ပေါ်မှလူသည် မြင်းပေါ်မှ ရုတ်တရက် သဲသောင်ပြင်ပေါ်သို့ ခုန်ဆင်းပြီး ကျောမှ ဓါးကို လက်သို့ ယူလိုက်ကာ နောက်မှ လိုက်ပါလာသူတို့အား တိုက်ခိုက်ရန်အသင့် အနေအထားဖြင့် ပြင်ဆင်ထားလိုက်လေသည်။ ထို လူ ရဲ့ မြင်းကြီးကတော့ မိမိရဲ့ တာဝန်များကို ပြီးဆုံးသည့်အလား မြစ်ကမ်း ခြေသို့ ဆင်းကာ မောမောပန်းပန်းနှင့် ရေဆင်းသောက် လျက်ရှိပေသည်။ 
ဝှီးးးးးးးးးးးးးးး ၀ှီးးးးးးးးးးးးး ၀ှီးးးးးးးးးးးးးးးးးးးးးး
အသံနှင့် အတူ မြှားသုံးချောင်း ဆင့်ကဲ ဆင့်ကဲ ပစ်ဝင်လာခဲ့လေသည်။
                         မြင်းနက်ပေါ်မှ လူသည် ပထမမြှား နှင့် ဒုတိယ မြှား တို့ကို သဲသောင်ပေါ်၌ ကျွမ်းပစ်ကာ လှည့်ပတ် ရှောင်တိမ်းလိုက်ပြီး တတိယ မြှားကိုမူ ဓါးအိမ်နှင့် ရိုက်ထုတ်ကာ ကာကွယ်လိုက်လေသည်။ ထိုအချိန်......... နောက်မှ လိုက်ပါလာသော မြင်းနှစ်ကောင်သည် ထို လူ၏ ရှေ့သို့ ရောက်ရှိနေချေသည်။
                          ဓါးနှစ်လက်ကို ကျော၌ ကြက်ခြေခတ် လွယ်ထားသော လူမှာ မြင်းပေါ်မှ ကျွမ်းပစ်ဆင်းကာ သူ၏ ဓါးနှစ်လက်ကို ဓါးအိမ်ထဲမှ ထုတ်ယူကာ မြင်းနက် ပေါ်မှလူအား စတင်တိုက်ခိုက်လေတော့သည်။ လေးမြှား ကိုင်ဆောင်သူ ကလည်း ခါး၌ အသင့်ပါလာသော လှံတိုကဲ့သို့ လက်နက်တစ်မျိုးကို ထုတ်ကာ ညာသံပေးလျက် ဒလကြမ်း အနီးကပ် ၀င် တိုက်လေသည်။
ယားးးးးးးးးးးးးးးးးးး
ဝှစ်........... ၀ှစ်................
ချလွမ်............
ဝှစ် ............. ၀ှစ်..............
                           ထို လူသုံးဦး၏ တိုက်ခိုက်သံများသည် အစောပိုင်းက သာယာလှပနေသော ညရဲ့ အလှပ များကို ဆူညံစွာ ဖျက်ဆီးပစ် လိုက်လေသည်။ ထို သူတို့၏ တိုက်ကွက်သတ်ကွက်များသည် အလွန်လျင်မြန်ပြီး  အဆင့်တန်းမြင့်မား လှပေသည်။ ရက်စက် ပြင်းထန်သော တိုက်ကွက်သတ်ကွက် များဖြင့် အသည်းအသန် တိုက်ခိုက်လျက်ရှိကြပေသည်။ သို့သော် ....... အချိန် အတော်တန်ကြာသည်အထိ တိုက်ပွဲ အဖြေကတော့ ထွက်ပေါ်မလာသေးပေ။ မြင်းနက်စီး လူသည် သူ၏ ရတနာစီ ဓါးကို ဓါးအိမ်မှပင် ဆွဲထုတ် တိုက်ခိုက်ခြင်း မပြုသေးပဲ သူ၏ ရန်သူနှစ်ယောက်အား ခုခံရုံသာ ပြုလုပ်လျက် ရှိပေသည်။  အခြေနေကို ရိပ်စားမိကြသော ၀တ်စုံနက်ဝတ်လူနှစ်ယောက်သည် တခဏတာမျှ တိုက်ခိုက်မှုကို ရပ်တန့်လိုက် ကာ တိုက်ကွက်ပြောင်းလဲ ပြင်ဆင်လိုက်လေသည်။
                            အခြေနေကို အကဲခတ်မိသော မြင်းနက်ပေါ်မှ လူသည်လည်း သူ၏ ရတနာစီဓါးကို ဓါးအိမ်မှ ဆွဲထုတ်လိုက်လေသည်။ ဓါးသည် ဆွဲထုတ်လိုက်သည် နှင့် ဓါးပေါ်သို့ ဖြာဆင်းကျလာသော လရောင်ခြည်များကြောင့် ဓါးမှာ မဟူရာညအမှောင်အောက်၌ လင်းလက်နေပေသည်။
ယားးးးးးးးးးးးးးးးးးးးးး
ဝှစ်.............. ၀ှစ်.............
ချလွမ်..............ချလွမ်...............
ဒုတ် ........... ဒုတ် ............... အင့်............... အင်းးးးးးးးးးးးးးးး
                              အလွန်လျင်မြန်တိကျလှတဲ့ တိုက်ကွက်များအောက်တွင် တိုက်ပွဲက ကွဲပြားစွာ နဲ့ ပေါ်ထွက်လာ တော့လေသည်။ လှံတိုကို ကိုင်ဆောင်ပြီး တိုက်ခိုက်သူမှာ သဲသောင်ပေါ်၌ သူ၏ လက်နက်ကို လက်နှစ်ဖက်ဖက်၌ ကိုင်လျက် ပက်လက်လန်အနေထားဖြင့် လဲကျလျက်ရှိပေသည်။ ထို သူမှာ မြင်းနက်စီး လူရဲ့ ဓါးရိုးဖြင့် အရှိုက်ကို ရိုက်သွင်းခံရကာ ပြန် မထ နိုင်ခြင်းဖြစ်ပေသည်။ ရတနာ စီဓါး ကိုင်တွယ်သူ မြင်းနက်စီး လူမှာလည်း သူ့ရဲ့ ဓါးကို သောင်ပြင်၌ ထိုးစိုက်လျက် မုဆိုးဒူးထောက်အနေထားဖြင့် သူရဲ့ လက်တစ်ဖက်ကို သဲသောင်ပေါ်၌ ထောက်ကာ ပြန်ထရန်အတွက် အားယူနေရပေ သည်။ ထို လူမှာ ဓါးနှစ်လက်ကို ကိုင်ဆောင်သူရဲ့ လက်ဝါးရိုက်ချက်ကြောင့် အထိနာသွားခြင်း ဖြစ်ပေသည်။
                             ဓါးနှစ်လက်ကို ကိုင်ဆောင်သူမှာလည်း လက်တစ်ဖက်တွင်သာ သူ့၏ ဓါးက ရှိနေပြီး
ကျန်တစ်လက်မှာ သူနဲ့ အတန်ပင် ဝေးကွာသော သောင်ပြင်ပေါ်၌ ထိုးစိုက်လျက်ရှိနေပေသည်။ သူသည်လည်း မြင်းနက်စီး လူရဲ့ လက်ဝါးစောင်းစာ မိပြီး အထိနာကာ သောင်ပြင်ပေါ်၌ ဒူးနှစ်ဖက်ကို ထောက်လျက် ခေါင်းစိုက်ကာ အသက်ပြန်ရှု နေရပေသည်။  သူတို့ သုံးဦးရဲ့ အကွာဝေးသည် တစ်ဦးနှင့်တစ်ဦး သိပ်ဝေးကွာ ခြင်းမရှိသော်လည်း အပေါ်တည့်တည့် ကောင်းကင်ယံ ၌ ကြည့်မည်ဆိုပါကမူ တြိဂံ အနေထားဖြင့် တည်လျက်ရှိကြပေသည်။ သူတို့ သုံးဦးသည် အသည်းအသန် တိုက်ခိုက်ထားသောကြောင့် မောပန်းနေကြကာ အတန်ငယ်ကြာမျှ ငြိမ်သက်လျက် ရှိကြပေသည်။
ဟား ......... ဟား ........... ဟား...............
                                ရုတ်တရက် မြင်းနက်စီး လူထံမှ ရယ်သံ နက်နက်ကြီး ထွက်ပေါ်လာလေသည်။ ၀တ်စုံနက်ဝတ် လူနှစ်ဦးသည်လည်း လိုက်ရယ် ကြလေသည်။ ထို့နောက်တွင်တော့ သူတို့ သုံးဦးသည် မျက်နှာ၌ ဖုံးအုပ်ထားသော မျက်နှာဖုံး အ၀တ်များကို ကိုယ်စီကိုယ်စီ ဖယ်လိုက်ကြလေသည်။ ထို့နောက်တွင်...........
ကဲ သမီးတော်တို့ ထကြ
မိုးသောက်တော့မယ်။ ပြန်ရချိန်နီးလာပြီ။
ငါ့ သမီးတို့ရဲ့ လက်ရည်တွေက တကယ့်ကို တိုးတက်လာပါလားကွယ့်။
အဘတော့ အဖိုးကြီး ဖြစ်နေပြီ ထင်ပါတယ်။
မဟုတ်ရပါဘူး။ အရှင်မင်းကြီးကသာ အလျှော့ပေးထားလို့ပါ။
သမီးတို့ လက်စွမ်းက လိုပါသေးတယ်။
                                 ပြောပြောဆိုဆိုပင် ဓါးနှစ်လက် ကိုင်ဆောင်သော သူမ က လွတ်ကျနေသော ဓါးတစ်လက်ကို ကောက်ယူလိုက်ကာ ဓါးတို့ကို နောက်ကျောရှိ ဓါးအိမ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်လေသည်။
အေး..... ငါ့ သမီးတို့ကို ဒီည ခုလို ဆုံရတာက
အင်မတန်မှ အေ၇းကြီးတဲ့ တာဝန်တစ်ခုကို
စေခိုင်းချင်လို့ ပဲကွယ့်။
အမိန့်ရှိပါ အရှင်မင်းကြီး။
ဝတ်စုံနက်ဝတ်လူ နှစ်ယောက်မှ ပြိုင်တူ ဖြေလိုက်ခြင်း ဖြစ်လေသည်။
ဒီလိုကွယ့်။ သန်ဘက်ခါ မနက် ဈေးဖွင့်ချိန်ရောက်ရင်
အရှေ့ဘက် မြို့တံခါး အနီးမှာ ကုန်တွေ တင်ထားတဲ့
မြင်းလှည်း တစ်စီး ရပ်ထားလိမ့်မယ်။ ဒီ မြင်းလှည်းကို
မောင်းတဲ့သူကတော့ ခမည်းတော်ရဲ့ လူယုံတော်ကြီးတစ်ဦးပါပဲ။
ငါ့ သမီးတော်တို့ သူနဲ့အတူ လိုက်ပါပြီး တာဝန်တွေကို ထမ်းဆောင်
ကြရလိမ့်မယ်။  သမီးကြီး မယ်ခ.....
အမိန့်နာခံလျက်ပါ။
ဓါးနှစ်လက်ကို လွယ်ထားသော သူမှ ပြန်လည် ဖြေကြားခြင်း ဖြစ်လေသည်။
သမီးက ဒီ တစ်ခါ တာဝန်မှာ ခေါင်းဆောင်လုပ်ရလိမ့်မယ်။
ညည်းရဲ့ ညီမ မယ်မြ ကတော့ ကူဖို့ ထည့်ပေးလိုက်တာ။
ဟဲ့ - မယ်မြ.....
အမိန့် နာခံလျက်ပါ။
လှံတိုနှစ်ခုကို ရှေ့သို့ ချကာ ခေါင်းကို စိုက်လျက် ပြန်လည် ဖြေကြားလေသည်။
ဒီ တစ်ခါ တာဝန်တွေက အရေးကြီးတယ်။ ပိုပြီး ခက်ခဲလိမ့်မယ်။
လုံးဝ မပေါ့ဆပါနဲ့။ ညည်းအမ ရဲ့ စကားကို သေချာနားထောင်ပါ။
အမှားယွင်း မဖြစ်ပေါ်စေပါနဲ့။
အမိန့်တော် အတိုင်းပါ ခမည်းတော်။
ကဲ ဒါဆို နှစ်ယောက်စလုံး သေချာနားထောင်ကြ။
အခု ထမ်းဆောင်ရမယ့် တာဝန်က ဒီလိုကွယ့်။
....................................................
                                      သူတို့ သုံးဦးသည် ပြောဆိုဆွေးနွေးပြီးကြသည်နှင့် တပြိုင်နက် သူတို့ရဲ့ မြင်းကောင်းများ ကို ကိုယ်စီ စီးနှင်းကာ ဒုန်းစိုင်းလျက် ပြန်လည် ထွက်ခွာ သွားကြလေသည်။
( ဆက်လက်ဖော်ပြ ပါမည်။ )
1 comment:
  1. စောင့်ဖတ်ရမှာ.........ပျင်းတယ် ။
    ဟဟ
    ပြီးရင်ပြောနော်................
    ပြီးမှဖတ်မယ် ။
    ReplyDelete