September 18, 2011

အဖေ့ ဆီက လက်ဆောင်။


                                ကျွန်တော်တို့ မိသားစုလေးသည် အဖေရယ် ၊ အမေရယ် ၊ ကျွန်တော် ရယ် အားလုံး လက်ရှိအထိ သုံးယောက်မျှပင် ဖြစ်သည်။ လက်ရှိ လို့ ဆိုရခြင်းမှာ အခုချိန်ထိ လူ့ လောကထဲသို့ မရောက် လာသေးသည့် ကျွန်တော့် ရဲ့ ညီလေးလား ညီမလေးလား မသိရသေးတဲ့ တစ်စုံတစ်စုံဦးက အမေ့ရဲ့ ၀မ်းဗိုက် ထဲမှ ကိန်းအောင်းလျက် ရှိနေသောကြောင့် ပင် ဖြစ်ပေသည်။ ထိုထို နေ့ရက်တွေမှာ ကျွန်တော့်ရဲ့ ဘ၀ လေးဟာ အေးချမ်းလျက်ရှိနေပြီး မိဘ ရဲ့ လောင်းရိပ်အောက်မှာ အေးဆေးတည်ငြိမ်စွာနဲ့ ငြိမ်းချမ်းစွာ လှပလို့ နေခဲ့လေသည်။ အထူးသဖြင့် ညနေဘက်တွေမှာ အလုပ်ကပြန်လာတဲ့ အဖေ ရောက်ရှိချိန်တွေဟာ အလွန် ကို ပျော်စရာကောင်းတဲ့ အချိန်လေးတွေ ဖြစ်လို့နေပါသည်။ အဖေက အလုပ်ကပြန်လာရင် ကျွန်တော့် အတွက် လက်ဆောင်တစ်ခုခုကို အမြဲတမ်း ဆောင်ယူလို့ ပြန်လာတက်သည်ကလည်း ကျွန်တော့်ရဲ့ စိတ်ထဲ ကို အဖေ ပြန်လာချိန်တွေကို မျှော်လင့်စေတက်တဲ့ စိတ်ကလေးတွေကို ရှင်သန်လာ စေခဲ့ပါသည်။
                             ဒီလိုနဲ့ပင် အချိန်တွေဟောင်း ၊ ရာသီတွေ ပြောင်းလဲခဲ့ပြီး ကျွန်တော်တို့ မိသားလေးထဲကို နောက်ထပ် မိသားစု အသစ်တစ်ဦး ထပ်မံ ရောက်ရှိလို့ လာခဲ့ပြန်လေသည်။ ထို အချိန်တွေမှာ ကျွန်တော် သည် ကျွန်တော့်ရဲ့  လ သားအရွယ် ညီမလေးနဲ့အတူ နေ့တစ်နေ့ ရဲ့ အချိန်တွေကို ကုန်ဆုံးနေတက်သလို ညနေ ညနေ တွေမှာ အိမ်ပြန်လာမယ့် ဖခင် ဆီကိုလည်း မျှော်လင့်နေတဲ့ စိတ်ဓါတ်လေးတွေ လျော့ကျ မသွားပြန်ပါဘူး။ ကျွန်တော်က နေ့တိုင်း အဖေ့ကို မျှော်မျှော်နေခဲ့ပေမယ့် အဖေ ပြန်လာချိန်တွေဟာ အရင်ကထက် နောက်ကျနေတက်ပြီး ကျွန်တော့် အတွက် လက်ဆောင်တွေကလည်း အရင်လို ပါမလာ ခဲ့တော့ ပါဘူး။ တစ်ခါတလေ ရက်တွေမှာဆိုရင် အဖေ ဟာ မိုးအရမ်းချုပ်တဲ့အချိန်တွေမှ ပြန်လာတက်ပြီး တချို့ ရက်တွေမှာ ဆိုရင် နှစ်ရက် သုံးရက်လောက် အိမ်ကို ပြန်မလာတော့ပါဘူး။
                             သို့ဖြင့် ထို အကြောင်းလေးသည် တဖြည်းဖြည်းနှင့် အရှိန်ကောင်းတဲ့ မီးတောက်ကလေး တစ်ခု ဖြစ်မှန်းမသိနဲ့ ဖြစ်လို့ လာခဲ့လိုက်ပါသည်။ တစ်ခါတရံ အဖေ နဲ့ အမေ ရဲ့ တကျက်ကျက် ရန်ဖြစ်သံ တွေကိုလည်း ကြားလို့ လာခဲ့ရပါတယ်။ ဒီလိုနဲ့ အဖေ က အိမ်ကို ပြန်လာနေပေမယ့် အရင်လို ကျွန်တော့် နားကို သိပ်မလာတော့ပါဘူး။ ကျွန်တော့်အပေါ်ကိုလည်း အရင်လို နွေးထွေးမှုတွေ ရှိမနေတော့ ပါဘူး။ သို့ပေမယ့်လည်း ကျွန်တော် အားမလျော့ပဲ အဖေရဲ့ အိမ်ပြန်လာချိန်တွေကို အမြဲတမ်း စောင့်မျှော်နေဆဲပါပဲ။ ဒီ လိုနဲ့ အဖေ ဟာ တစ် လ လောက်ကြာတဲ့အခါမှာ အဖေဟာ အိမ်ကို လုံးဝ ပြန်မလာတော့ပါဘူး။ ဒီလို ပြန်မလာတဲ့ ရက်တွေဟာ ဘယ်နှယ်ရက်မှန်း မသိတော့ပေမယ့် ဒါဟာ ဒီနေ့ အထိပါပဲ။
                              ပြက္ခဒိန် နဲ့ သက္ကရာဇ် တွေဟာ တမြေ့မြေ့ ဟောင်းနွမ်းစုတ်ပြတ် သွားခဲ့ချိန်တွေမှာတော့ ကျွန်တော် သည်လည်း အရွယ်နဲနဲ ရောက်တဲ့ အချိန်ကို ရောက်ရှိလို့ လာခဲ့ပြန်တာပေါ့။ ကျွန်တော် ကျောင်း စတက်တဲ့ နေ့မှာပဲ သူများတကာတွေက သူတို့ အဖေရဲ့လက်ကို တွဲပြီး ကျောင်းကို လာခဲ့တာတွေကို မြင် တော့ အဖေ ကို သတိရမိ ခဲ့ တာ ဖော်ပြမတက်အောင်ပါပဲ။ ကျောင်းဆင်းတဲ့ အချိန်တွေမှာ လည်း အဖေ ကျောင်းလာကြိုရင် သိပ်ကောင်းမှာပဲလို့ အမြဲတမ်းတွေးနေမိတယ်။ အထူးသဖြင့် အခုလို မိုးတွေ တအား ရွာတဲ့ နေ့တွေမှာဆို အဖေ့ ကို ပိုပြီး သတိရမိလာတယ်။ သူငယ်ချင်းတွေရဲ့ အဖေ အကြောင်းပြောရင်လည်း ကျွန်တော် အဖေ့ ကို အရမ်းသတိရမိနေတယ်။ ဒါပေမယ့်လည်း ကျွန်တော် အဖေ့ ကို မတွေ့ခဲ့ရ ပြန်ပါဘူး။
                               ခုဆို ကျွန်တော် ဆဌမတန်းကို ရောက်လို့ လာခဲ့ပြန်ပါပြီ။ ဒီ အချိန်မှာ ကျွန်တော့် ရဲ့ တစ်နေ့တာ အလုပ်တွေက အိမ်က အမေ့ရဲ့ အလုပ်တွေကို အမေ့ ကိုယ်စား ၀ိုင်းကူလုပ်ပေးဖို့နဲ့ ကျောင်းကို အချိန်မှန်မှန် သွားတက်ဖို့ပါပဲ။ မနက်ကို ခပ်စော စောလေးထ ၊ အိမ်မှာ လုပ်စရာရှိနေတာလေးတွေကို ၀ိုင်းကူ ပြီးရင် ကျောင်းကို အချိန်မှီအောင် သွား ၊ ကျောင်းက ပြန်ရောက်တဲ့ ညဘက်တွေမှာ သင်ခန်းစာတွေ ကို ပြီးပြတ်အောင်လုပ် ပြီးရင် ညစာကိုစား ၊ ခပ်စောစောလေး အိပ်စက် ။ဒီလိုနဲ့ နှစ်တစ်နှစ် ထပ်ကုန်သွားခဲ့ချိန် မှာတော့ တစ်ကျောင်းလုံးမှာ အမှတ်အများဆုံး နဲ့ ပထမ ဆု ကိုရခဲ့တာပေါ့။ ဆု ရတဲ့ အကြောင်းကို အမေ့ ကို ပြောပြတော့ အမေက မျက်ရည်တွေ ၀ဲ လို့ ကျွန်တော့်ကို ပြန်ပြောတာက မင်း အဖေ သိရင် အရမ်း ၀မ်းသာမှာပဲတဲ့။ ကျွန်တော် လည်း အဖေ့ ကို အရမ်းပြော ချင်လိုက်တာပါ။ ဒါပေမယ့် အဖေ က  အနားမှာ မရှိနေခဲ့ဘူးလေ။
                               ကျွန်တော် ရှစ်တန်းအောင်ပြီး ကိုးတန်း တက်တဲ့ နှစ်မှာတော့ ကျောင်းမှာ စီမံချက်တစ်ခု နဲ့ အသက်ပြည့်တဲ့ အထက်တန်း ကျောင်းသားတွေကို နိုင်ငံသား ကဒ် တွေ လာလုပ်ပေးတာပေါ့။ အဲဒီထဲမှာ ကျွန်တော်လည်း ပါဝင်ခဲ့ပြန်ပါတယ်။ ထို အချိန်တွေမှာ အဖေ့ ရဲ့ မှတ်ပုံတင် မိတ္တူ လေးထဲက အဖေ့ ရဲ့ ဓါတ်ပုံ လေးကို မြင်မိတော့ ကျွန်တော့်ရဲ့ သတိရမိတဲ့ စိတ်တွေဟာ ထိုင်ငိုမိ မတက်အောင် ပါပဲ။ ဒီလိုအချိန်တွေမှာ အဖေ သာအနားမှာ ရှိနေခဲ့မယ်ဆိုရင် ကျွန်တော့် ဘ၀ ရဲ့ အနာဂတ်ကို အရာရာ လမ်းပြ ပေးနေမှာပဲလို့လဲ တွေးနေမိပြန်တယ်။ ကျွန်တော် လောကကြီး နဲ့ ပတ်သက်ပြီး အဖေ ကို အများကြီး မေးချင်ခဲ့တာ။ ဒါပေမယ့် မေးခွင့်မရခဲ့ ပါဘူးလေ။
                                ကျွန်တော် တက္ကသိုလ် ၀င်တန်း ဖြေပြီးချိန်မှာတော့ လုပ်ငန်းခွင်ထဲ ၀င်ရောက်ဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။ ကုမ္ပဏီ တွေမှာ အလုပ်လျှောက်လွှာတွေတင်ပြီးလို့ အင်တာဗျူး ဖြေဖို့ ၀င်ရောက်တိုင်း လုပ်ငန်းခွင်ထဲက သူတွေက အဖေက ဘာလုပ်တုန်း၊ မိဘတွေ ရှိနေသေးလားလို့ မေးတဲ့အခါတိုင်းမှာ အဖေ့ကို ထပ်ထပ်ပြီး သတိရမိပြန်ပါတယ်။ နောက်ပိုင်း ဘ၀ လမ်းတွေပေါ်မှာ ကျင်လည်လို့ အခက်ခဲတွေ ကြုံတွေ့လာရတိုင်းလည်း အဖေ့ ကို အမြဲတမ်း သတိရနေမိတယ်။ အားငယ်တဲ့ စိတ်ဓါတ်တွေ စိုးမိုးနေတဲ့ အချိန်တွေမှာလည်း အဖေ့ ကို သတိရနေမိပြန်တယ်။ နေထိုင်မကောင်းလို့ မကျန်းမာတဲ့ အခါတွေမှာလည်း အဖေ့ ကို သတိ ရ နေမိတယ်။                 
                                 တကယ်လို့ အဖေ သာ ကျွန်တော့်နားမှာ ရှိနေခဲ့မယ် ဆိုရင် ဒီအကြောင်းတွေကို အဖေ့ကို ပြောပြပြီး အဖေ့ ဆီက လမ်းညွှန်မှု လက်ဆောင်တွေ၊ သွန်သင်မှု လက်ဆောင်တွေ ၊ နွေးထွေးမှု လက်ဆောင်တွေကို တောင်းခံမိမှာ အမှန်ပါပဲ။ ဒါပေမယ့်လည်းပေါ့ဗျာ .............။ အနားမှာ ရှိမနေတော့တဲ့ အဖေ့ကို တမ်းတ ရင်းနဲ့ပဲ အဖေ့လို စိတ်ဓါတ်တွေ ၊ ခွန်အားတွေ ရရှိပြီး လောကကြီးထဲမှာ အောင်မြင်စွာ နေထိုင်နိုင်ဖို့ ကို အဖေ့ကို အမြဲတမ်း မျှော်လင့်နေခဲ့ပြန်ပါတယ်။ ကျွန်တော့်ရဲ့ မျှော်လင့်ခြင်းတွေဟာ ဘယ်တော့ မှ ပြည့်ဝလာမှာ မဟုတ်ဘူးဆိုတာ သိနေပေမယ့်လည်း အဖေ့ ဆီက လက်ဆောင်တွေကို လိုလိုချင်ချင် တပ်တပ်မက်မက်နဲ့ပဲ ရူးသွပ်စွာနဲ့ မျှော်လင့်နေမိပြန်ပါတော့တယ်ဗျာ။

 
Rocker77
 
 
 

1 comment:

  1. ပထမဆုံးအားပေးမိတဲ့ရသစာပေလေးပေမဲ့…….တကယ်ထိတယ်ဗျို့ ။
    အဖေ့ကို တကယ်လွမ်းလာမိပါတယ် ။

    ReplyDelete