September 19, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 2 )

အခန်း ( 1 )

သက္ကရာဇ် ( 865 ) ခု ၊
ဝင်္ကာဒီပ တိုင်းပြည်၊
ရှင်ဘုရင် နန်းတည်ရာမြို့တော်၊
ဈေးလမ်းမ။

              နက်မှောင်သော ဆံကေသာတို့က သူမရဲ့ ဦးခေါင်းထက်၌ စုစည်းညီညာစွာဖြင့် သပ်ရပ်စွာ စည်းနှောင်ထား လေသည်။ အညိုရောင်အဆင်းရှိသော ချည်သားအ၀တ်ထည်တို့က ၀င်းမွတ်စိုပြေ သော သူမရဲ့ အသားရေကို ပိုမို ပေါ်လွင်စေ လျက်ရှိပေသည်။ ဖြောင့်စင်းတဲ့ နှာတံ ၊ ဇင်ယော်တောင် မျက်ခုံး နဲ့ အတူ မထူမပါး နှုတ်ခမ်းအစုံက သူမရဲ့ လှပမှုကို မြင်ရသူအဖို့ နောက်တစ်ခါ လှည့်ကြည် စေ မိသည်။ သိုပေမယ့် တိုက်ခိုက်ရေးသမားတို့ စီးနင်းနေကြ ဖိနပ်မျိုးကို ၀တ်စီးထားပြီး သိုင်း ဘောင်း ဘီရှည်ကို ၀တ်ဆင်ထားကာ လက်၌ အနက်ရောင် ဓါးရှည်တစ်လက်ကို ကိုင်ဆောင် ထား ခြင်း က သူမရဲ့ အလှတရားများနှင့် မည်သို့မျှ မအပ်စပ်လှချေ။
           
             သူမရဲ့ ဘေး၌ သူမရဲ့ အဖော်ဟု ယူဆရသော တခြား မိန်းမပျိုတစ်ဦးရှိနေပြီး ပထမ မိန်းခ လေး ကဲ့သို့ပင် ၀တ်စားဆင်ယင် ထားရှိကာ သူမရဲ့ မြင်းမှာတော့ လေး နှင့် မြားကျည်အိတ် တို့ကို ချိတ်ဆွဲထားလေသည်။ သူတို့ နှစ်ယောက်သည် ကိုယ်စီ မြင်းများကို ကိုင်ဆွဲလျက် ဈေးလမ်းမ တ လျှောက် လှမ်းလျှောက်လာပြီး အရှေ့ဘက် တံခါးဆီသို့ တရွေ့ရွေ့နှင့် ဦးတည်နေကြပေသည်။ သူတို့ နှစ်ယောက်သည်ကား မယ်ခ နှင့် မယ်မြ ပင်တည်း။

              မြို့တံခါး အနီးသို့ရောက်လျှင် မယ်ခ သည် ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်လိုက် လေ သည်။ ထူးထူးခြားခြား ဘာမှမရှိပေ။ သို့နှင့်ပင် အနီးနားရှိ အကြော်ဆိုင်တစ်ခုသို့ ၀င်လိုက်ကာ အကြော် တစ်ပွဲ မှာလိုက်ပြီး ရေနွေးကြမ်းပူပူနှင့် ထိုင်စားနေ လိုက်သည်။ သူတို့နှင့် မလှမ်းမကမ်း စားပွဲဝိုင်း တစ်ခုတွင် မျက်ခုံးထူထူ ၊ နှာတံစင်းစင်း ၊ သမင်မျက်လုံးနှင့် အသားရေ ၀င်းမွတ်သော လူရွယ်တစ်ယောက်သည်လည်း ခမောက်တစ်ခုကို ဦးခေါင်းထက်၌ ခပ်ငိုက်ငိုက်ဆောင်းထား လျက် အကြော်ထိုင်စားလျက် ရှိပေသည်။

               ထို လူရွယ်နှင့် မလှမ်းမကမ်း စားပွဲဝိုင်းတွင်တော့ ပါးသိုင်းမွှေး မှုတ်ဆိတ်မွှေး များဖြူလျက် သျှောင်ထုံးကို သပ်ရပ်စွာ ထုံးထားသော အဘိုးအို တစ်ဦးသည်လည်း တစ်ယောက်ထဲ အကြော် ထိုင်စားလျက် ရှိပေသည်။ သူ၏ စားပွဲပေါ်၌ သူရဲ့ အဆောင် ဓါးပြား ကြီးကိုလည်း တင်ထား လိုက် သေးသည်။ ထို အဘိုးအို သည် မုတ်ဆိတ် နှုတ်ခမ်းမွှေးတို့ နှင့် ပါးသိုင်းမွှေးများ ဖွေးဖွေးဖြူ နေသော် လည်း သူရဲ့ ကိုယ်ဟန်အနေထားမှာ တောင့်တင်း ခိုင်မာတဲ့ ကြွက်သားအစိုင်ခဲ များဖြင့် ဖွဲ့စည်း ထားပြီး အခုချိန်အထိ သန်မာမယ့် ပုံကို ဖော်ဆောင်နေပေသေးသည်။

               အကြော်တစ်ပွဲ ကုန်ခါနီးတွင် မယ်ခက မယ်မြအား မျက်ရိပ်ပြကာ အချက်ပေး လိုက်လေ သည်။ မယ်မြ သည် ဆိုင်အပြင်သို့ ရုတ်တရက် ထွက်ခွာသွားလိုက်လေသည်။ မယ်မြ ထွက်ခွာသွားပြီး တခဏအကြာ ဂျိုးကူသံ သဲ့သဲ့လေးတစ်ခု ကို ကြားလိုက်ရသည်။ ထို ဂျိုး ကူသံသည် သုံးချက်မျှသာ ဖြစ်လေသည်။ ဂျိုးကူသံ ဆုံးပြီးနှင့် တပြိုင်နက် ဖွေးဖွေးဖြူနေ သော ဦးခေါင်းပိုင်သည့် အဘိုးအို သည် လည်းကောင်း၊ မလှမ်းမကမ်း စားပွဲတွင် ထိုင်နေသော လူရွယ်သည် လည်းကောင်း အကြော် ဖိုးများ အသီးသီးရှင်းကာ ဆိုင်အတွင်းမှ ထွက်ခွာ သွားကြလေသည်။

                ထို့နောက် အချိန်သိပ်မကြာမှီ မယ်ခထံသို့ မယ်မြ ပြန်လည် ရောက်ရှိလာလေသည်။ မယ်ခ နှင့် မယ်မြ တို့သည် စားလက်စ အကြော်ကို လက်စ သတ်ကာ ဆိုင်ရှင်အားငွေရ်ျ ဆိုင်မှ ထွက်ခွာ လာ ခဲ့ကြသည်။ အရှေ့မြို့ တံခါးနဲ့ မလှမ်းမကမ်းသို့ အရောက်တွင် မယ်ခ နှင့် မယ်မြ လမ်းလျှောက်လာ ခိုက် အကြော်ဆိုင်၌ ဆုံတွေ့ခဲ့သော အဘိုးအို က မြင်းလှည်းတစ်စီးပေါ်မှ ထိုင်နေရင်း .....

မြို့ရိုး .........မြို့ရိုး......... ဒါတို့ မြို့ရိုး ............

ဟု မကြားတကြား တေးသွားဆန်ဆန် ရွတ်ဆိုလိုက်လေသည်။ ထိုအခါ မယ်မြ က .........

မြို့ရိုး .......မြို့ရိုး .......... ရှင်ဘုရင့် မြို့ရိုး ...........

                   ဟု ပြန်လည် ရွတ်ဆို ပြလိုက်လေရာ အဘိုးအိုက သွားကြစို့ ဟု သဘောသက်ရောက် သော မျက်ရိပ်တစ် ချက် ပြကာ မြင်းလှည်းအား မြို့တံခါးဆီသို့ မောင်းထွက်သွားလေသည်။ မယ်ခ နှင့် မယ်မြ တို့သည်လည်း သူတို့ရဲ့ မြင်းများ ပေါ်သို့ တက်ကာ အဘိုးအိုရဲ့ လှည်း နောက် မလှမ်း မကမ်း မှ လိုက်ပါသွားကြလေသည်။

                   ထိုသို့ အဘိုးအို ၊ မယ်ခ နှင့် မယ်မြ တို့၏ လုပ်ဆောင်ချက်များကို နောက်ကွယ် တစ်နေရာ မှ နေရ်ျ ကြည့်နေ သူတစ်ဦး ရှိလေသည်။ ထိုသူကား အကြော်ဆိုင် ၌ ခမောက်ကို ခပ်ငိုက်ငိုက် ဆောင်း ကာ အကြော်ထိုင်စားနေခဲ့ သော လူရွယ်ပင် ဖြစ်လေသည်။


 ( ဆက်လက်ဖော်ပြပါအုံးမည်။ )



No comments:

Post a Comment